Karen in Burma
Tuesday, May 15, 2012
ယနေ့နံနက် (၉) နာရီ၌ ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၌ ပြုလုပ်သည့် ကေအန်ယူ၏ တတိယမြောက် ဆက်ဆံရေး ရုံး ဖွင့်ပွဲသို့ ရထား ပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းမှ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ ဖွင့်ပွဲသို့ ရထားဝန်ကြီး ဦးအောင်မင်း နှင့်အတူ စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဌေး၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း တို့လည်း တက်ရောက် လိုက်ပါလာ ခဲ့ကြပါသည်။ KNU ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူးတူးဆေးဖိုး ခေါင်းဆောင်၍ အတွင်းရေးမှူး စောဒေးဗစ်ထော နှင့်အတူ KNU အရာရှိကြီးများ တက်ရောက် ခဲ့ကြသည်။ အကျိုးတော်ဆောင်များ ဖြစ်ကြသည့် ဦးဟန်ညောင်ဝေနှင့် E – grass အဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီနှင့် ဒီကေဘီအေ တို့မှ ကိုယ်စားလှယ် များလည်း တက်ရောက် ခဲ့ကြပါသည်။ “ကျွန်တော်တို့ ဒုတိယ ကမ္ဘာစစ် ကတည်းက စတင်လာတဲ့ ကရင်ဗမာ မုန်းတီးရေး စိတ်ဓါတ်ကို ဒီနေ့ အဆုံးသတ် လိုက်ပီလို့ ဒီနေရာကနေ ပြောချင်ပါတယ်၊ လက်နက်ကိုင် တိုက်လာတာ အနှစ် (၆၃) နှစ် နီးပါး အချိန်ကို ရောက်နေပါပြီ၊ လက်နက်ကိုင် နည်းနဲ့ နိုင်ငံရေး ပြသနာကို ဖြေရှင်းလို့ မရဘူးဆိုတာ ကျွန်တော်တို့ လေးလေးနက်နက် သဘောပေါက်သလို ဦးအောင်မင်းတို့လည်း နားလည် သဘောပေါက် ကြမှာပါ” ဟု အဖွင့် မိန့်ခွန်း၌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူးတူးဆေးဖိုးက ပြောကြားသွားပါသည်။ ဝန်ကြီး ဦးအောင်မင်းနှင့် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ အမှာစကား ပြောကြား ခဲ့ပြီးနောက် နှစ်ဦးမှ KNU ၏ ဘုရားသုံးဆူမြို့ ဆက်ဆံရေး ရုံးအား အတူတကွ ဖဲကြိုးဖြတ်ကာ ဖွင့်လှစ် ပေးခဲ့ကြသည်။ ဖွင့်ပွဲ အခမ်းအနားအား နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် အစီအစဉ် ငါးခုဖြင့် ကျင်းပခဲ့ပြီး နံနက် ၁၁ ခန့်တွင် ပြီးဆုံး ခဲ့ပါသည်။ “အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့တုန်း ကလည်း တပ်တည် နေရာ ချထားရေးနဲ့ ဆက်ဆံရေးရုံး ဖွင့်ဖို့ ဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ အချင်းချင်း ကြားမှာ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ဆက်သွယ်နိုင်အောင် ဆက်ဆံရေး ရုံးတွေကို အဓိကထား ဆက်ဆံ ရပါမယ်၊ ဒါက အဓိက လိုအပ်ချက်ပါ။ အဲဒါကြောင့် ဆက်ဆံရေး ရုံးဖွင့်ဖို့ လုပ်ကြရအောင် ဆိုပီး စလုပ် ခဲ့ကြတာပါ။ ဒါတွေ အားလုံး တိုးတက် ဖြစ်ထွန်းလာတဲ့ ကောင်းတဲ့ အချက်တွေပါ” ဟု ဦးအောင်မင်းမှ ဖွင့်ပွဲ အခမ်းအနား၌ ပြောကြား သွားပါသည်။ လက်ရှိ၌မူ ကျောက်ကြီးနှင့် ထားဝယ်၌ ကေအန်ယူ၏ ဆက်ဆံရေးများ ဖွင့်လှစ် ထားရှိပြီး ဖြစ်ကာ ယခု ဖွင့်လှစ်လိုက်သော ဘုရားသုံးဆူမြို့ ဆက်ဆံရေးရုံးသည် KNU ၏ တတိယမြောက် ဆက်ဆံရေးရုံး ဖြစ်သည်။ အခမ်းအနားသို့ တက်ရောက်ရန် ဝန်ကြီး ဦးအောင်မင်းသည် ယနေ့နံနက် (၉) နာရီခန့်၌ ရဟတ်ယဉ်ဖြင့် လာရောက်ကာ ရုံးဖွင့်ပွဲသို့ တက်ရောက် ခဲ့ခြင်းလည်း ဖြစ်သည်။ ကရင်ပြည်နယ် ဝန်ကြီး ဦးဇော်မင်းမှာမူ ယမာန်နေ့ ကတည်းကပင် ဘုရားသုံးဆူ မြို့သို့ ကားဖြင့် လာရောက် ခဲ့ပြီး၊ ခရီးစဉ် တစ်လျှောက်လုံး၌ လုံခြုံရေးအတွက် KNU ဘက်မှ တာဝန်ယူ ပေးခဲ့ကြောင်း သိရှိ ရပါသည်။ KNU နှင့် မြန်မာ အစိုးရတို့သည် 2012 ဇန်နဝါရီလ (၁၂) ရက်နေ့၌ ကရင်ပြည်နယ်၊ ဘားအံမြို့ ရှိ ဇွဲကပင် ဟိုတယ်၌ သဘောတူညီချက် (၄) ချက်ဖြင့် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည်။ ရုံးဖွင့်ပွဲ၌ ရထားဝန်ကြီး ဦးအောင်မင်းနှင့် ကေအန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူးတူးဆေးဖိုး တို့သည် ယခု မိမိတို့ နှစ်ဖက်အကြား တည်ဆောက် ထားသော ငြိမ်းချမ်းရေးသည် ထာဝရ ငြိမ်းချမ်းရေး အဖြစ် တည်တံ့ သွားစေရန် အတွက်လည်း နှစ်ဦးနှစ်ဖက်မှ ကတိဆန္ဒ ပြုခဲ့ကြပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/1593-knu-.html ပြန်ခေါက်ပါ...
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment